Thursday, June 11, 2009

ဖျာပုံမြို့ ခေါ်ရခြင်း သမိုင်းကြောင်း

ထမင်းဈေးမှ ဧရာရွှေဖျာသို့

မြန်မာပြည်ရဲ့ စပါးကျီ ဧရာဝတီ၊ ဧရာဝတီရဲ့စပါးကျီသည် ဖျာပုံမြို့ရယ်လို့ ထင်ရှားကျော်ကြားလာမည့် လွန်ခဲ့တဲ့နှစ်ပေါင်း (၄၆၅) နှစ်ခန့်က ခရီးသည်ပေါင်းမြောက်များစွာ ထမင်းစားကြရသော စခန်းဌာနမှ မွန်ဘာသာဖြင့် (ဖျာပုင်) ထမင်းဈေး မှတ်တမ်းကို စိတ်ဝင်စားသူ လူငယ်များ သိရှိစေလိုသော ဆန္ဒမွန်ဖြင့် ရေးသားလိုက်ရပါသည်။
ဖျာပုံမြို့သည် ဧရာဝတီမြစ်၏ အနောက်ဖက်၊ ဧရာဝတီ (ဖျာပုံမြစ်) နှင့် အပြောင်ကျေးရွာ၊ ချောင်းတွင်းရွာ၊ အောက်ကွင်းကြီးရွာစသော နယ်နမိတ် (၄) ရပ်အတွင်း၌ တည်ရှိပါသည်။
မွန်ဘာသာဖြင့် (ဖျာပုင်) ဟု အသံထွက်ရပါသည်။ “ဖျာ” မှာ “ဈေး” ဖြစ်ပြီး “ပုင်” မှာ “ထမင်း” ဖြစ်သည်။ ထို့ကြောင့် (ဖျာပုင်) သည် ထမင်းဈေးဟု အဓိပ္ပါယ်ရလေသည်။ ဖျာပုင်ဟူသော အမည်ပညတ်မှာ ဟံသာဝတီပြည်၊ တပင်ရွှေထီး အရေးတော်ပုံ ခေတ်ကပင် ခေါ်ဝေါ်သုံးစွဲနေကြပေသည်။
အများအားဖြင့် ပြောလေ့ရှိသည်မှာ ထမင်းဆိုင်များရှိ၍ ထမင်းဈေးဟုခေါ်သည်မှာ မမှန်ပါ။ “ဖျာပုံ” ဟုအမည်ဖြစ်ပေါ်ချိန်က ထမင်းဆိုင်မရှိခဲ့ပါ။ တောကြီးများနှင့် ငါးရှာခြင်း၊ လယ်လုပ်ခြင်း စသည်ဖြင့် လူနေတဲအိမ် တစ်တဲ၊ နှစ်တဲစသည်ဖြင့် နေခဲ့ကြပါသည်။
ထိုစဉ်က လူနေစည်ကားသော နေရာမဟုတ်ဘဲ ရွာဟူ၍ပင် မဖြစ်ပေါ်သေးပါ။ ယခု အပြောင်ရွာတည်နေသော ချောင်းဝကစ၍ အနောက်ဖက်သို့ ချောင်းတစ်ခုစီးဝင်နေသည်။ ထိုနေရာကို ဖျာပုင်စွဲ၍ ဖျာပုင်ချောင်းဟုလည်း ခေါ်သည်။ စင်စစ်မှာမူ ထိုချောင်း၏အ၀ (ချောင်းဝစခန်း) ကိုသာ ဖျာပုင်ဟု ခေါ်ကြခြင်းဖြစ်လေသည်။
ဖျာပုံချောင်းတွင်းသို့သွားလိုသော ခရီးသည်များသည် ရေကျစဉ် ချောင်းဝသို့ရောက်၍ ရေတက်မှ ချောင်းတွင်းသို့ ၀င်ရန် ရေစောင့်နေရလေသည်။ မြစ်ရိုးအထက်ပိုင်းသို့ သွားလိုသော ချောင်းအတွင်းရွာများမှ ခရီးသည်တို့သည် ရေကျချိန် ချောင်းဝသို့ထွက်ခဲ့၍ ရေတက်မှအထက်သို့သွားရန် ရေစောင့်နေရလေသည်။ ထိုရေစောင့်သော ခရီးသည်များသည် (ချောင်းဝစခန်း) မှပင် ပါလာသောထမင်းများကို စားကြသောက်ကြရသဖြင့် ခရီးသည်ပေါင်းမြောက်များစွာ ထမင်းစာကြရသော နေရာဖြစ်၍ ထိုနေရာကို မွန်ဘာသာဖြင့် “ဖျာပုင်” (ထမင်းဈေး) ဟူ၍ တင်စားပြီး ခေါ်ဝေါ်ခြင်းမျှသာ ဖြစ်လေသည်။
ဤနေရာသည် ထမင်းရောင်းသော ဆိုင်လည်းမဟုတ်၊ ဈေးလည်းမဟုတ်၊ ရွာဟူ၍ပင် တည်ထောင်လျှက် မရှိသေးပေ။ မွန်လူမျိုးတို့ တင်စားခေါ်ခြင်းသာဖြစ်သည်။ ထမင်းစုစားကြ၍ ဈေးတမျှ စည်ကားခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
မွန်လူမျိုးတို့သည် အကြောင်းခြင်းရာတစ်ခုကို တင်စားခေါ်ဝေါ်သည့် အလေ့ရှိခဲ့ကြောင်း မှတ်တမ်းအချို့တွင် တွေ့ရပါသည်။ ယခုဖျာပုံမြစ် အရှေ့ဘက်ကမ်းအောက်ပိုင်းရှိ ကျုံလွတ်ချောင်းအောက် လတာကြီးအစွန်အထက်နေရာကို သကြားဟင်းအိုးဟု ခေါ်တွင်ခဲ့သည်။
ဤသို့ သကြားဟင်းအိုးဟု ခေါ်ဝေါ်ကြသည့်နေရာမှာ သကြားမင်းက ဟင်းအိုးကြီးချက်၍ ချထားခြင်း မဟုတ်ချေ။ ငါးပုစွန်များ ရှာဖွေစားသောက်ကြသူများသည် ထိုနေရာတွင် အထူးပိုမို ငါးပုစွန်ရရှိကြပသည့်အတွက် နာမည်တင်စား၍ ငါးပုစွန်ပေါများခြင်းကိုပင် သိကြားမင်းက ပေးလေဟန် အထူးပြု၍ ခေါ်ဝေါ်ခြင်းဖြစ်လေသည်။ ၄င်းနည်းတူ “ဖျာပုင်” ထမင်းဈေးဟု တင်စားခြင်းဖြစ်ပေသည်။
မွန်လူမျိုးတို့သည် မိမိတို့၏ ထုံးစံအရ ထမင်းရောင်းစားခြင်း၊ မျိုးစပါးရောင်းစားခြင်း ပြုလေ့မရှိပါ။ ထမင်း ရောင်းစားပါက ငတ်မွတ်ခြင်းဘေး တွေ့တက်သည်ဟုလည်းကောင်း၊ မျိုးစပါးကို ရောင်းစားလျှင် စပါးမျိုးခင်းများ ပျက်တတ်သည်ဟူ၍လည်းကောင်း အယူအဆရှိကြသဖြင့် စပါးပျိုးပင်ကို အလိုရှိ၍ တောင်းလာလျှင် လက်ဆောင်အဖြစ်ပေးသည်။ အဘိုး စားနား ပြောဆိုခြင်းမရှိ၊ မျိုးတောင်းသူကလည်း စပါးအသီးအနှံပေါ်သောအခါတွင် ကျေးဇူးတုံပြန်သည့် အနေဖြင့် စပါးဖြစ်စေ၊ ဆန်ဖြစ်စေ ပြန်လည်လက်ဆောင်ပေးခြင်းပြုပေသည်။
မည်သည့် ပုဂ္ဂိုလ်မဆို မသိကျွမ်းသော်လည်း ခရီးကြုံ၍ မွန်လူမျိုး နေအိမ်သို့ ရောက်သွားလျှင် ထမင်းကို အလျှင်ကျွေးမွေးဧည့်ခံကြပေသည်။ ဧည့်သည်ကို အထူးလေးစားကြ၍ ဧည့်သည့်များက အိမ်မှုကိစ္စ၊ ဗာဟီရများဝင်ရောက် လုပ်ကိုင်ပါက အိမ်ရှင်မှာ ကျက်သရေ ထိခိုက်တတ်သည်ဟု ယူဆကြသည်။
အလွန်ရင်းနှီးသော ဧည့်သည်မှသာလျှင် မိမိကိုယ်ကို အိမ်ရှင်ဖြစ်ကြောင်း အတိအလင်းမြွက်ကြား၍ အိမ်ရှင်အား ခွင့်ပန်ပြီးမှသာလျှင် ဗာဟီရကိစ္စများကို ကူညီဝင်ရောက်လုပ်ကိုင်ကြရပါသည်။ မွန်လူမျိုးများမှ ဗလိငါးပါးတွင် ဧည့်သည်ကို ပြုစုသော အဋ္ဌီတိဗလိကို များစွာ လေးဂရုပြုကြပေသည်။

မူလဖျာပုံရွာအခြေနေ

ဖျာပုံရွာ၏ အထက်ပိုင်းတွင် (ယခုခြင်္သေ့ဦးရှေ့) ၀ါပသံဃဒါနဆွမ်းလောင်းအသင်း အဆောက်အဦးနေရာ ရွာဦးနတ်စင်မှစ၍ အောက်ပိုင်းတွင် (ယခု သာဇီဘုရားကြီး၏ အရှေ့မြောက်ဒေါင့်) (၁၉၈၅) ခုနှစ်က ရေတိုက်စား၍ ပြိုကျသွားသော “ကျိုက်ပဒိုင်” ဘုရားဖြူစေတီအထိဖြစ်လေသည်။ ယခု အပြောင်လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) ခေါ်သော နေရာသည် မူလ ဂန့်ကလာချောင်းဟုခေါ်သော နေရာဖြစ်သည်။ ဂန့်ကလာချောင်းတောင်ဘက်ကို ရွာလည်ပိုင်း၊ ရွာလည်ပိုင်းအောက်ဘက်ကို ကံချောင်စုဟု ခေါ်လေသည်။ ရွာဦးနတ်စင်မှ ဂန့်ကလာချောင်းထိ မြောက်ပိုင်းဟု ခေါ်ကြသည်။ နောင်တွင် အပြောင်လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) ကို ဗဟိုထား၍ မြောက်ပိုင်း၊ တောင်းပိုင်း ဟုခေါ်ကြသည်။
ယခု ပဌမလမ်းကြီးကို အရှေ့နောက် မျက်နှာပြု၍ အိမ်ခြေတန်းတောက်နေကြလေရာ ကမ်းနားသို့ဆင်းရန် အိမ်ခြားလမ်းငယ်ကလေးများထား၍ တံတားထိုးကြသည်။ ရွာ၏ အနေမှာ (၁) မြောက်ပိုင်းတစ်စု၊ (၂) ရွာလည်ပိုင်းတစ်စု၊ (၃) ကံချောင်းပိုင်းတစ်စုအားဖြင့် ပထမလမ်းအတိုင်း တောင်ဘက်သို့ အစုချင်း ဆက်ကာဆက်ကာ အိမ်ခြေစုများရှိလေသည်။ ယခု အပြောင်လမ်းဟုခေါ်သော ကုန်းဘက်နေရာတွင် အိမ်ခြေစု တစ်စုကို ဂန့်ကလာချောင်းဟု ခေါ်လေသည်။ ရွာဖြစ်၍ ကာလအတော်ကြာ (၁၁၃၀) ခုနှစ်တွင် ယခု ဒုတိယလမ်းခေါ်သော လမ်းသေးတစ်ခု ပေါ်ပေါက်၍ အိမ်ခြေတိုးတက်များပြားလာလေသည်။
ထိုအခါတွင် အပြောင်ရွာနှင့်လည်းကောင်း၊ အပြောင် (ရွာတန်း) စေတီနှင့်လည်းကောင်း ဆက်သွယ်ဖို့လုပ်ထားသော လမ်းမရှိသေးပေ။ ကြား၌ လယ်ကွင်းများ ခြားနေပါသည်။ ဖျာပုံရွာသည် ဂန့်ကလာချောင်း ဘက်မှ လတာမြေ တစ်စတစ်ပေါ်လာသည့်အတိုင်း ကမ်းနားဘက်သို့ တိုး၍ အိမ်ဆောက်နေထိုင် ကြလေသည်။
ဒုတိယလမ်းဖြစ်ပေါ်လာသောအခါ အိမ်ခြေ (၃၀၀) ကျော် (၄၀၀) ခန့်ရှိနေပြီဖြစ်ပါသည်။

No comments: